ဆန္ဒကို အကြောက်တရားက မလွန်ဆန်နိုင်တော့တဲ့အခါ
လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေအကြောင်းကို ဆရာဝန်တွေ၊ ကျန်းမာရေးပညာရှင်တွေရော မီဒီယာတွေမှာပါ မကြာခဏ ဖော်ပြလာကြသလို လူ့ပတ်ဝန်းကျင်မှာလည်း အရင်ကထက် ပိုပြီးအသိများလာကြတယ်။ ဒါပေမယ့် ကူးစက်ခံရတဲ့ဦးရေက ဘာလို့ မနည်းသွားဘဲ ပိုများသထက် များလာတာလဲ?
အဖြေကတော့ လူတွေက မကြောက်ကြလို့ပါပဲ။ ဘယ်လိုပဲ အကြောက်တရားတွေနဲ့ ခြောက်ထားပါစေ၊ ဆန္ဒကို မလွန်ဆန်နိုင်ကြတဲ့ ပုထုဇဉ်တွေက အကြိမ် (၁၀၀) မှာ (၉၉) ကြိမ်လောက်က မီးနီကို အလွယ်တကူ ဖြတ်ဖို့အတွက် ဝန်မလေးတတ်ကြပါဘူး။
အကြောက်တရားတွေရဲ့ ပြဿနာက ဘာလဲ?
နေရာတိုင်းမှာ လိင်မှတစ်ဆင့် ကူးစက်ရောဂါ (STD, STI) တွေက ကြောက်ဖို့ကောင်းတယ်ဆိုတဲ့ ရှုထောင့်ကနေ ပြောနေ၊ သရုပ်ဖော်နေတဲ့အခါမှာ လူတွေက ဒီရောဂါတွေမကူးအောင် ကြိုတင်ကာကွယ်ဖို့ထက် ကူးသွားခဲ့သည်ရှိသော် ဘဝပျက်သွားပြီဆိုတဲ့ အသိတွေပဲ ဝင်လာတော့မှာပါ။
ရောဂါကတော့ ဘယ်ရောဂါမဆို မဖြစ်ရင်တော့ အကောင်းဆုံးပါပဲ။ ဒါပေမယ့် ဖြစ်သွားခဲ့ရင်တောင် လိင်မှတစ်ဆင့် ကူးစက်ရောဂါတချို့ (ဥပမာ - ကာလသားရောဂါ၊ ခလက်မီးဒီးယားရောဂါ၊ ဂနိုရောဂါ) တွေက ဆေးပေးရုံနဲ့ အလွယ်တကူ သက်သာပျောက်ကင်းသွားနိုင်ပါတယ်။ ကျန်တဲ့ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေဟာ မပျောက်ကင်းနိုင်တော့ဘူးဆိုပေမယ့်လည်း သင့်တော်တဲ့ ဆေးတွေကို ပုံမှန်သောက်ပေးပြီး၊ ကျန်းမာရေးကို ဂရုစိုက်မယ်ဆိုရင် သာမန်လူတွေလိုပဲ ကျန်းကျန်းမာမာ နေထိုင်နိုင်မှာပါ။
ဒါကြောင့် လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေနဲ့ ပတ်သက်ပြီး ပညာပေးတဲ့အခါ ကြောက်စရာကောင်းတဲ့ အမည်းစက်ကြီးလို သရုပ်ပြနေမယ့်အစား ရောဂါတစ်ခုအနေနဲ့ပဲ ပြောသင့်ပါတယ်။
လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေအကြောင်း အကြောက်တရားမပါဘဲ ဘယ်လိုပညာပေးကြမလဲ?
သင်ဟာ ကျန်းမာရေးစောင့်ရှောက်သူ ဒါမှမဟုတ် ကိုယ့်မိသားစုအတွက် အလွန်အကျွံ စိတ်ပူတတ်တဲ့ သာမန်လူတစ်ဦးပဲ ဆိုကြပါစို့။ ဒီလိုအကြောင်းအရာနဲ့ ပတ်သက်ပြီး ပြောပြမယ်ဆိုရင် အခုပြောပြမယ့် နည်းလမ်းတွေကို သုံးကြည့်စေချင်ပါတယ်။
- လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေကို ရိုးရိုး ရောဂါတစ်ခု၊ ကျန်းမာရေးတစ်ခုလို သဘောထားပြီး ပြောပြပါ။ ရှင်းပြပါ။
- သူ့ကို ကူးစက်သွားစေနိုင်တဲ့ အပြုအမူ၊ နေထိုင်မှုပုံစံ၊ လုပ်ရပ်တွေနဲ့ အရာတွေ (ဥပမာ - သုက်ရည်၊ မိန်းမကိုယ်အရည်၊ ရိုးတွင်းခြင်ဆီရည် စတာတွေ) အကြောင်း ပြောပြပါ။
- လိင်ဆက်ဆံတဲ့အခါတိုင်း ကွန်ဒုံးကို အသုံးပြုသင့်တာအပြင် ကွန်ဒုံးရဲ့ အသုံးဝင်ပုံတွေကို သေချာရှင်းပြပါ။
- စိတ်ကို အလိုလိုက်ပြီး မှားတော့မယ်ဆိုရင် ကိုယ့်ဘဝအတွက် ရည်ရွယ်ထားတဲ့ စိတ်ကူးအိပ်မက်တွေ၊ မိသားစုအသိုက်အဝန်း စုံစုံလင်လင်နဲ့ ပျော်စရာကောင်းတဲ့ အနာဂတ်တွေက ဒီရောဂါကြောင့် ပုံစံတစ်မျိုး ပြောင်းလဲသွားနိုင်တဲ့အကြောင်း၊ အိပ်မက်တွေက ပျက်သွားတာမဟုတ်ပေမဲ့ နည်းနည်းခက်ခဲသွားနိုင်တဲ့အကြောင်း ပြောပြပါ။
- ငယ်တုန်းရွယ်တုန်းမှာ အပျော်အပါး လိုက်စားခဲ့ပေမယ့် အသက်အရွယ်ရလာလို့ အတည်တကျ အိမ်ထောင်ရက်သားကျပြီး အတူပေါင်းသင်းနေထိုင်ရမယ့်သူ ရှိလာတဲ့အခါ ဒီကျန်းမာရေးပြဿနာတွေဟာ အဲဒီသူအတွက် ဘယ်လိုဝန်ထုပ်ဝန်ပိုး ဖြစ်စေနိုင်မလဲဆိုတာကို ရှင်းပြပါ။
- လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေကို မလိုအပ်ဘဲ ကြောက်ဖို့မလိုဘဲ ကိုယ့်ဘက်က ကျန်းမာရေးလိုက်စားတဲ့အနေနဲ့ သင့်တော်တဲ့ ကြိုတင်ကာကွယ်မှုတွေကိုပဲ ဦးစားပေးလုပ်ထားဖို့ လိုတဲ့အကြောင်း ပြောပြပါ။
အချုပ်အားဖြင့် ပြောရမယ်ဆိုရင် ဒီဘက် (၂၁) ရာစုမှာ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေနဲ့ ပတ်သက်ပြီး အလွန်အကျွံကြောက်နေတာတွေ၊ ကူးသွားရင် ဘာဆက်လုပ်ရမလဲဆိုပြီး လမ်းပျောက်နေတာတွေက မရှိသင့်တော့ပါဘူး။
ကိုယ့်ကျန်းမာရေးပြဿနာကို ထိန်းပေးထားနိုင်တဲ့ ဆေးတွေလည်း အများအပြားပေါ်လာပြီဖြစ်သလို ကုသလို့မရနိုင်သေးတဲ့ ပြဿနာတွေအတွက်လည်း ကျန်းမာရေးနယ်ပယ်မှာ ကမ္ဘာနဲ့အဝှမ်း နည်းလမ်းတွေ၊ သုတေသနတွေ ပြုလုပ်နေကြတာဖြစ်လို့ စိတ်ကို အေးအေးထားပြီး ကိုယ့်ဘဝကို အကောင်းဆုံးရှင်သန်နေထိုင်လို့ အပျော်နဲ့အပါးကို အသိစိတ်လေးကပ်လို့ ကာကွယ်ရင်းနဲ့သာ လိုက်စားကြပါလို့ နဂုံးချုပ်စကားပလ္လင်ခံရင်း အဆုံးသတ်လိုက်ပါတယ်ခင်ဗျာ။
ရဲမျိုးမြတ်